ပညာပါရမီ
ပညာ
လောကမှာ
ကြီးပွါးလိုသူများဟာ ပညာတတ်ဖို့တကယ်အရေးကြီးပါတယ်။ ဒီလိုပါပဲ သံသရာခရီးခဲက လွတ် မြောက်လိုတဲ့
သတ္တ၀ါများဟာလဲ လောကုတ္တရာ ပညာရရှိဖို့လိုအပ်ပါတယ်။ သံသရာမှာ လည်နေရသည်ဖြစ်စေ သံသရာကလွတ်မြောက်သွားသည်ဖြစ်စေ
ပညာက အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတယ်ဆိုတာ သံသယ ဖြစ်ရာမရှိပါဘူး။ ဒုက္ခတွေပင်လယ်ဝေနေတဲ့
သုံးဆယ့်တစ်ဘုံဆိုတဲ့ လောကကြီးထဲမှာနေရလို့ ငြီးငွေ့တဲ့သူများ အနေနဲ့ သမ္မာဒိဋ္ဌိ-မှန်ကန်တဲ့
ပညာရဖို့ တကယ့်ကိုအရေးကြီးကြောင်း ဓမ္မစကြာတရားတော်မှာ ဘုရားရှင်က အတိအလင်းဟောကြားခဲ့ပါတယ်။
သမ္မာဒိဋ္ဌိ- မှန်ကန်တဲ့အသိသာမရှိခဲ့ဘူးဆိုရင် ဗုဒ္ဓဘာသာကောင်း တစ် ယောက်ဖြစ်ဖို့မလွယ်ပါဘူး။
အလယ်အလတ်လမ်းစဉ်ကိုလိုက်မယ့်သူများဟာ ပညာရှိထားဖို့တကယ့်ကို လိုအပ် နေပါပြီ။ ပညာမှာပါတဲ့
ပ ဆိုတဲ့အက္ခရာကို ပကာရ-အပြားအားဖြင့်လို့ဘာသာပြန်ရသလို ညာ ကိုတော့ ဇာန-သိ ခြင်းလို့
ဘာသာပြန်ရပါတယ်။အဓိပ္ပါယ်ကတော့ ပညတ် ပရမတ်တရားများကို အတိအကျ ကွဲကွဲပြားပြားခြားခြား
နားနားသိခြင်းပါတဲ့။ သံသရာမှာ ဒုက္ခတွေကိုရင်ဝယ်ပိုက်ပြီး ငိုကြွေးနေရတာဟာ ပညတ် နဲ့
ပရမတ်ကို တကယ် မသိခဲ့ရလို့ပါ။ သိအောင်မလုပ်ခဲ့တာလဲဖြစ်နိုင်သလို သိအောင်ပြောပြသူမရှိခဲ့တာကြောင့် လဲဖြစ်နိုင်ပါတယ်။
ဒါကြောင့်မို့ပဲ့ထင်ပါရဲ့ ဘုရားစတဲ့သူတော်ကောင်းများဟာ နုစဉ်ကစလို့ ရင့်မာတဲ့ ပါရမီရတဲ့အထိ
အသိကိုရ အောင်စုခဲ့ကြတာလေ။ပညာ-အသိအရေးကြီးပုံကို ဗုဒ္ဓက ပိဋကတ်တော်မှာ အမြောက်အများဟောခဲ့ပါတယ်။
ထင်ရှားတဲ့တရားတော်များကတော့ ဓမ္မစကြာတရားတော် (သမ္မာဒိဋ္ဌိ-အမှန်ကိုသနိုင်တဲ့ပညာ)နဲ့ ပဋိစ္စသမုပ္ပါဒ်တ
ရားတော် (အ၀ိဇ္ဇာ-အသိမှားခြင်းရဲ့ ဆန့်ကျင်ဘက် ၀ိဇ္ဇာ-သိခြင်း) များပဲဖြစ်ပါတယ်။ မှန်ကန်တဲ့အသိ
ဝိပဿနာ ပညာကိုသာပိုင်ဆိုင်ရခဲ့မယ်ဆိုရင် နိဗ္ဗာန်ကို မရောက်သေးဘူးဆိုရင်တောင် မကောင်းတဲ့အပါယ်ကို
ပြန်ကျ စရာအကြောင်းမရှိတော့ပါဘူး။ေ ကာင်းတဲ့ အကြောင်းကိုဖန်တီးနိုင်ပြီး ကောင်းတဲ့အကျိုးများကိုသာစံစားရင်း
ဘ၀ နိဂုံးချုပ်ကြတော့မှာပါ။ဒါဟာ မှန်ကန်တဲ့ ပညာရဲ့ အစွမ်းကြောင့်ပါပဲ။ ဒါကြောင့် ဘ၀မှာ
အတတ်ပညာနဲ့ အ သိပညာရှိထားဖို့ လိုကို လိုအပ်နေပါပြီ။အခုခေတ်လူများအတွက် ကောင်းလွန်းတဲ့အခွင့်အရေးကတော့
အသိပေး သူ ဗုဒ္ဓ (ဂေါတမဘုရား) ပွင့်သွားပြီးနောက် နောက်အသိပေးသူ ဗုဒ္ဓ (အရိမေတ္တေယျဘုရား) တစ်ဆူ ပွင့်ထွန်းပေါ်
ပေါက်လာမယ့် ကာလနှစ်ခုကြားမှာ အသိပွားအောင်လုပ်နိုင်တဲ့အခွင့်အရေး ရရှိထားတာပါပဲ။ အသိတောင်မှ
သာမန်အသိမဟုတ်ပဲ ဆင်းရဲခြင်းအမျိုးမျိုးမှ လွတ်မြောက်စေမယ့် အသိမျိုးဖြစ်နေပါပြီ။ ဒါဟာ
သမ္မာဒိဋ္ဌိ-မှန်ကန် တဲ့ ပညာ အသိပါ။
ပါရမီ
ဘုရားစတဲ့
သံသရာကလွတ်မြောက်သွားသူ သူတော်ကောင်းကြီးများရဲ့ ဘ၀ဖြစ်စဉ်ကို ပြန်ပြောင်းလို့လှန်လှော
ကြည့်လိုက်မယ်ဆိုရင် ပြည့်အောင်ဖြည့်ခဲ့ရတဲ့ အဖြစ်လေးတွေဟာ တွေးကြည့်ရင်ကြက်သီးထလောက်ပါရဲ့။
ဖြည့်ခဲ့တဲ့အရာကို ပါဠိမှာ ပါရမီလို့ခေါ်ဆိုပါတယ်။ ပါရမီ
ဆိုတာက ပရမာနံ-စိတ်ထားမြင့်မြတ်သူတို့ရဲ့၊ ဣဒံ-ဥစ္စာ ပါတဲ့။ ဒါန ကိုလုပ်သည်ဖြစ်စေ သီလကိုဖြည့်ကျင့်သည်ဖြစ်စေ
သမထဘာဝနာ ၀ိပဿနာဘာဝနာကိုပွား များသည်ဖြစ်စေ လိုချင်မှုကိုရှေးရှုတာမပါ လွတ်မြောက်မှုကိုသာ
တမ်းတတဲ့စိတ်နဲ့လုပ်ခဲ့တာမျိုးကို ပါရမီလို့ခေါ် ဆိုရတာပါ။ အလှူလုပ်ရင်လဲ
နိဗ္ဗာဿ သီလဆောက်တည်ရင်လဲ နိဗ္ဗာနဿ တရားအားထုတ်ရင်လဲ နိဗ္ဗာန ဿဆိုပြီး မပြောင်းလဲတဲ့ အသိနဲ့
ဘ၀ကိုဦးဆောင်နိုင်အောင် အသိဦးစားပေးထားတာပါ။ မသိဦးစားပေးပြီး လို ချင်တာကိုတမ်းတမျှော်မှန်းရင်း
လုပ်လိုက်သမျှကောင်းမှုကုသိုလ်များဟာ ပါရမီမမြောက်ပဲ ကုသိုလ်သက်သက် သာဖြစ်ပြီး သံသရာမှာ
လည်စေတတ်ပါသေးတယ်။ ဒီလိုကောင်းမှုမျိုးကိုတော့ ၀ဋ်လည်စေတဲ့ ကောင်းမှုဖြစ်လို့ ဘုရားစတဲ့သူတော်ကောင်းများ
သဘောမကျတဲ့ ကုသိုလ်များလို့ပြောရင်ရနိုင်ပါတယ်။ ပြီးတော့ ပါရမီ ကိုသုံးမျိုး ခွဲခြားလို့ရပါသေးတယ်။
ပါရမီရယ် ဥပပါရမီရယ် ပရမတ္ထပါရမီရယ်ပေါ့။ ပါရမီဆိုတာက ဒါန သီလ ဘာဝနာ တစ် ခုခုလုပ်တဲ့အချိန်တိုင်း
လိုချင်တမ်းတမှုမပါပဲ နိဗ္ဗာနဿလို့ စိတ်ထဲအပြည့်ရည်မှန်းထားတာကိုဆိုတာပါ။ လိုချင် မှုနဲ့
လုပ်တဲ့အရာအားလုံးဟာ ပါရမီမဖြစ်နိုင်တော့ပါဘူး။ နောက်တစ်ခုက ဥပပါရမီပါ။သူကတော့ ပိုအဆင်မြင့်
လာပါတယ်။ ဥပပါရမီကိုဖြည့်တော့မယ်ဆိုရင် ကိုယ်လက်အင်္ဂါစတဲ့ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းကိုပါစွန့်ဖို့အဆင်
သင့်ဖြစ်နေရပါတယ်။ဒါကြောင့် ကိုယ်အင်္ဂါ ခန္ဓာနဲ့ စပ်နေတဲ့အလှူလို့ပြောရင်လဲရနိုင်ပါတယ်။
နောက်တစ်ခုက တော့ ပရမတ္ထပါရမီပါ။အမြင့်ဆုံးနဲ့ အမြတ်ဆုံးလို့ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့
ပစ္စည်းဥစ္စာသာမက အသက်ကိုပါ စွန့်ဝံ့တာကြောင့်ပါ။ ဥပပါရမီကိုတော့ ပစ္စေကဗုဒ္ဓါဖြစ်မယ့်သူများဖြစ်ရသလို
ပရမတ္ထပါရမီကိုတော့ ဘုရားဖြစ်မယ့် ဘုရားလောင်းများဖြည့်ရပါတယ်။ပါရမီကိုတော့ အဂ္ဂသာဝက
မဟာသာဝက ပကတိသာဝကများ သာဖြည့်ရမယ့် အကျင့်များဖြစ်ပါတယ်။ ဒီထက်ပိုပြီးဖြည့်စရာ မလိုပါဘူး။ ဘုရားရှင်းများကတော့
ပါရမီ ဥပပါရမီ နဲ့ ပရမတ္ထ ပါရမီဆိုတဲ့ သုံးပါးလုံးကိုဖြည့်ရတာကြောင့် ဒါနစတဲ့ ပါရမီသုံးဆယ်ဖြစ်လာတာပါ။
ပါရမီဆယ်ပါးလုံးပြည့် အောင်ဖြည့်မယ်ဆိုရင် အသိပညာရှိနေဖို့ တကယ်အရေးကြီးပါတယ်။ အဲဒီအသိပညာဟာလဲ
လွတ်မြောက်မှု အတွက်ပဲ တမ်းတတာမျိုးဖြစ်သင့်ပါတယ်။ ဒါကြောင့် ဘယ်လိုကောင်းမှုကုသိုလ်မျိုးကိုလုပ်လုပ်
အသိဦးစီးပြီး လွတ်မြောက်မှုကို တမ်းတတဲ့ ပညာပါရမီ မျိုးပဲဖြစ်သင့်ပါပြီ။
ပညာပါရမီ အသင်းဖြစ်ပေါ်လာရခြင်းအကြောင်း
ဘ၀ဆိုတာ
ကောင်းတာနဲ့ဆိုးတာဒွန်တွဲနေတဲ့အရာတစ်ခုပါ။ ကောင်းတာသက်သက်လိုချင်လို့မရနိုင်သလို ဆိုး
တာသက်သက်လဲအမြဲဖြစ်မနေပါဘူး။ဒါဟာ ဘ၀ရဲ့ သင်္ကေတတစ်ခုပါ။ ဘ၀ဆိုတာရှိနေသရွေ့အဖြစ်အပျက်
တွေကပြောင်းလဲသွားစရာအကြောင်းမရှိပါဘူး။ ဗုဒ္ဓရဲ့တရားတော်များနဲ့ ရင်းနှီးလာတဲ့အချိန်ကစပြီး
ဒုက္ခရဲ့အ ခြေအနေကိုရိပ်မိလာရသလို သုခရဲ့ အငွေ့အသက်များကိုလဲစတင်ခံစားလာရပါတယ်။ ၀ိပဿနာပညာမပြည့်
သေးလို့ သုံးဆယ့်တစ်ဘုံဆိုတဲ့ သံသရာကြီးထဲမှာ လည်နေရဦးမယ်ဆိုရင် ကြမ်းတမ်းတဲ့ဒုက္ခတွေ
အရိပ်လိုကပ် ပါမလာစေချင်တော့ပါဘူး။ ဒုက္ခတွေနဲ့ဝေးရာကိုသွားမယ်ဆိုရင် စုထားဖို့အကောင်းဆုံးအရာက
ပညာပဲဖြစ်ပါ တယ်။စုမိတဲ့ ပညာဟာလဲ မြင့်မြတ်ဖို့လိုအပ်တယ်ဆိုတာကိုပါ ထပ်ဆင့်သိလာရတာမို့
ပါရမီမြောက်ချင်တဲ့စိတ် ကပါ အပိုထပ်ဆောင်းပေါ်လာတယ်ဆိုရမှာပါ။ ပညာပါရမီဖြည့်ချင်သူများဟာ
ပြည့်ချင်တယ်ဆိုရင် ဖြည့်ရမယ် ဆိုတာလေးပါနားလည်လာတာမို့ ဘုရားသာသနာမှာ တာဝန်ထမ်းဆောင်ပြီး
ဖြည့်နိုင်သူများဖြစ်တဲ့ ပြည့်အောင် လဲလုပ်ပေးနိုင်စွမ်းရှိတဲ့ ရဟန်းတော် တစ်ပါးပါးကို
ဖြည့်ပေးဖို့ဆန္ဒတွေပေါ်လာပါတယ်။ဒါဟာ ဘုရားရှင်ရဲ့ သာ သနာကို တစ်ဖက်တစ်လမ်းက ပါဝင်ထမ်းဆောင်နေတာဖြစ်သလို
အနုတ္တရံပုညက္ခေတ္တံလောကဿ-သတ္တ၀ါအများရဲ့ ကောင်းမှုမျိုးစေ့စိုက်ပျိုးရာ သံဃာဆိုတဲ့ကောင်းမွန်တဲ့လယ်မြေမှာ
မျိုးစေ့ချထားတာနဲ့လဲတူပါတယ်။ ဒါ့ အပြင် သာသနာ့လယ်မြေ သံဃာ့လယ်မြေမှာ စိုက်ပျိုးခဲ့တဲ့မျိုးစေ့ကြောင့်
အပင်ပေါက်လာတဲ့ ကောင်းမှုသစ်ပင် အောက်မှာ အသိလိုသူ အေးချမ်းလိုသူ အနားယူလိုသူများ နားခိုနိုင်စေဖို့ဖန်တီးပေးခဲ့တာနဲ့လဲတူပြန်ပါတယ်။
ဘုရားရှင်သာသနာနဲ့တွေ့ပြီး ဗုဒ္ဓရဲ့ဓမ္မများကို နားကြား သင်ကြားခွင့်ရတဲ့ဘ၀လေးမှာ ရသလောက်အသိများ
စုလိုတဲ့စိတ်လဲ ထက်သန်လာရတယ်ဆိုရမှာပါ။ ဗုဒ္ဓရဲ့ ဓမ္မအဆုံးအမများဟာ စိတ်ကို တကယ်အေးချမ်းစေပါ
တယ်။ငြိမ်းချမ်းမှုကိုလဲရအောင်ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။ ဓမ္မရဲ့အငွေ့အသက်ကိုခံစားရလို့
အေးချမ်းမှုကို ကိုယ်တိုင်ခံစားရသလို အားလုံးကိုလဲခံစားရပါစေ ဆိုတဲ့စိတ်က ပညာပါရမီအသင်းကိုဖြစ်ပေါ်လာစေတဲ့
များစွာ သောအကြောင်းထဲက တစ်ခုသောအကြောင်းဖြစ်ပါတယ်။
ရည်ရွယ်ချက်
သာသနာ့ဝန်းထမ်းရှင်ရဟန်းများဟာ
ဘုရားရှင်ရဲ့ ဓမ္မများကိုစည်ပင်ပြန့်ပွါးအောင်လုပ်နိုင်သူများဖြစ်တယ်ဆို တာအကြွင်းမရှိယုံကြည်ပါတယ်။
စရထ ဘိက္ခဝေ စာရိကံ ဗဟုဇနဟိတာယ သုခါယ အတ္ထာယ ဒေ၀မနုဿာနံ- ရဟန်းတို့ လောကမှာရှိတဲ့ လူ
နတ် ဗြဟ္မာများ အခွင့်ကောင်း အခြေအနေကောင်း အကျိုးကောင်းတွေနဲ့ပြည့်စုံ စေဖို့ ခရီးထွက်ကြ
ဆိုတဲ့ ဗုဒ္ဓရဲ့ သြ၀ါဒစကားအတိုင်း မိမိတို့နိုင်ငံမှာ ဗုဒ္ဓရဲ့ဓမ္မကို သင်ကြားပြီးနောက်
လောက ဗဟုသုတတွေ ပိုမိုပြည့်စုံစေဖို့ နိုင်ငံခြားပညာသင်ကြားရင်း ဓမ္မခရီးထွက်စေလိုတဲ့
စေတနာပါပေါ်ပေါက်လာပါ တယ်။ ပြောင်းလဲလာတဲ့ ခေတ်ရဲ့အခြေအနေအရ ဘာသာစကားကိုပါ သင်ကြားဖို့လိုအပ်လာပြန်ပါတယ်။ ဒါဟာ
ဗဟုသုတပြည့်အောင် ဖြည့်တာနဲ့လဲတူပါတယ်။ မင်္ဂလသုတ်တရားတော်အရ မင်္ဂလာအပေါင်းနဲ့ပြည့်အောင်
ဖြည့်ကျင့်နေတယ်လို့လဲပြောနိုင်ပါတယ်။ ဓမ္မသိသူ ပညာတတ်သူ ဗဟုသုတများသူတစ်ယောက်အနေနဲ့
သာသာနာ ပြုရင် ပိုမိုလွယ်ကူမယ်လို့မျှော်လင့်မိတာကြောင့် နိုင်ငံခြားသာသနာပြုရဟန်းတော်များပေါ်ပေါက်လာစေချင်ပါ
တယ်။ နိုင်ငံခြားသာသနာပြုရဟန်းတော်အနေနဲ့ မြန်မာများကိုသာမက နိုင်ငံခြားသားများကိုပါ
ဓမ္မအသိကိုပေး ဝေစေလို့တဲ့ဆန္ဒ ဓမ္မအသံပြန့်သွားစေလိုတဲ့ဆန္ဒများက အသင်းရဲ့ အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။
ပညာပါရမီ အမည်ပေးရခြင်းအကြောင်း
ဘုရားစတဲ့သူတော်ကောင်းကြီးများလဲ
နိဗ္ဗာန်ကိုရောက်ချင်တယ်ဆိုရင် ပါရမီဖြည့်ကိုဖြည့်ရပါတယ်။ပါရမီမရှိပဲ ဘ၀ငြိမ်းသွားသူဆိုတာမရှိပါဘူး။ပြီးတော့
ပါရမီကို ခဏဖြည့်ရုံ တစ်ဘ၀ဖြည့်ရုံနဲ့ပြည့်တယ်ဆိုတာလဲ မရှိပါဘူး။ ပြည့်အောင် အထပ်ထပ်ဖြည့်ရတာပါ။
ပြီးပြည့်စုံတဲ့လူသားတစ်ယောက်ဖြစ်ဖို့ဆိုရင် ပါရမီဆယ်ပါးကိုဖြည့်ရမှာ အမှန်ပါပဲ။ ဖြည့်ရတဲ့
ပါရမီဆယ်ပါးထဲမှာလဲ ပညာပါရမီဟာ အရေးကြီးဆုံးပါပဲ။ပညာပါရမီသာ ပြည့်စုံနေရင် ဒါန သီလ
စတဲ့ ပါရမီများကိုအလွယ်တကူဖြည့်နိုင်မှာဖြစ်ပါတယ်။ပြီးတော့ ပညာနဲ့ ပါရမီကိုဖြည့်ခဲ့မယ်ဆိုရင်
ဘ၀ ဟာ ထင်တာထက်ပိုတိုပြီး နိဗ္ဗာန်ကိုအမြန်ဝင် ရောက်နိုင်ပါတယ်။ လေးသင်္ချေကမ္ဘာတစ်သိန်းပါရမီဖြည့်ပြီး
နိဗ္ဗာန် ကိုအရင်ဝင်သွားတဲ့ ပညာဓိက ဆုတောင်း ဂေါတမဗုဒ္ဓက သက်သေပါပဲ။ဒါကြောင့် ပါရမီဆယ်ပါးထဲမှာ
အရေး ကြီးဆုံးဖြစ်သလို ဘ၀အတွက်လဲ ခေါင်းဆောင်ကောင်းနဲ့တူတဲ့ ပညာကို ပါရမီဖြစ်အောင်ဖြည့်လိုတဲ့စိတ်နဲ့
ဗုဒ္ဓရဲ့ ပါရမီတော် စကားတော်ကို မပြင်ဆင်ပဲ တိုက်ရိုက်ယူကာ ပညာပါရမီ အသင်းလို့ပဲသုံးလိုက်တာပါ။
ဆုတောင်း
ဤကဲ့သို့ပညာပါရမီကို ဖြည့်ရသောအကြောင်းကြောင့် ဒုက္ခကင်းရာမြတ်နိဗ္ဗာန်ကို အမြန်ရောက်ရပါလို၏။
အကယ်၍ နိဗ္ဗာန်မရောက်သေးပါကလည်း မရှိဟူသောစကားနှင့် မသိဟူသောစကား မကြားရသောသူဖြစ်ရပါလို၏။